မြိတ်မြို့တွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မြိတ် ဧပြီ ၁၈

၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက် နှစ်သစ်မင်္ဂလာအချိန်အခါတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့ ညနေ (၄) နာရီက ကျင်းပခဲ့သည်။

အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ထိုနောက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တလာသနလှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ဆိုပူဇော်ကြသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို ဧည့်ပရိတ်သတ်အပေါင်းတို့က ရိုသေစွာနာယူခဲ့ကြပြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒမော်တောင် ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြသည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်နှင့်အတူ မြို့ထောင့်လေးထောင့်တွင် တပြိုင်တည်းကျင်းပခဲ့ကြသည်။ အလားတူ ဆရာတော်သံဃာတော်များဖြင့် မြို့တွင်းလှည့်လည်အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ရပ်ကွက်/ကျေးရွာများတွင်လည်း နှစ်သစ်မင်္ဂလာအဖြစ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)