မိုင်းဖြတ်မြို့နယ်၌ ဘတ္ထရီဆိုင်ကယ်ကို အားသွင်းခဲ့ရာမှ အပူလွန်ကဲ၍လူ​နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

မိုင်းဖြတ် ဧပြီ ၁၈

ရှမ်းပြည်နယ် (အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်က စျေးတန်းရပ်ကွက်တွင် ဘတ္ထရီဆိုင်ကယ်အား လူမရှိဘဲအားသွင်းခဲ့ရာမှ အပူလွန်ကဲ၍ လျှပ်စစ်ဝါယာ​ရှော့ဖြစ်ပြီး လူ​နေအိမ်တစ်လုံးမီး​လောင်မှုဖြစ်ပွားခဲ့​​ကြောင်း သိရသည်။

 ဖြစ်စဥ်မှာ ​စျေးတန်းရပ်ကွက်​နေ ​ဒေါ်နန်းလူတို့မိသားစုသည် တာချီလိတ်မြို့သို့ သွားရောက်ပြီး နေအိမ်တွင်လူမရှိဘဲ ဘတ္ထရီဆိုင်ကယ်ကို အားသွင်းခဲ့ရာမှ အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ကာ အနီးရှိစာအုပ်စင်အား ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အလျား (၄၅) ပေ၊ အနံ (၁၆) ပေ၊ အမြင့် (၂၀) ပေရှိ အုတ်ကြွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း၊ နှစ်ထပ်တိုက်မီးလောင်ပျက်စီးခဲ့သည်။ မီး​လောင်မှုကြောင့် အတွင်းပစ္စည်းတန်ဖိုး (၈၀၀၀၀ဝ) ကျပ်၊ နေအိမ်တန်ဖိုး (၄၃၂၀၀၀ဝ) ကျပ်၊ စုစုပေါင်း (၅၁၂၀၀၀ဝ) ကျပ် ပျက်စီးဆုံးရှုံးခဲ့​ကြောင်း မြို့မရဲစခန်းက သိရသည်။

အဆိုပါမီး​လောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခိုင်စိုးဝင်းနှင့် ဝန်ထမ်းများက မီးသတ်ရေယာဉ် (၃) စီးနှင့်အတူ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၇ နာရီ မိနစ် ၄၀ ခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး ၈ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည့်အတွက် အခြား​နေအိမ်များသို့ မီးကူးစက်​လောင်ကျွမ်းမှုမရှိကြောင်း သိရသည်။

မီး​လောင်ကျွမ်းမှု​ကြောင့် မီးအားပေါ့ဆစွာ အသုံးပြုခဲ့သူ ​ဒေါ်နန်းလူအား ဥပဒေအရ အရေးယူပေးဆောင်ရွက်နိုင်​ရေးအတွက် မိုင်းဖြတ်မြို့မရဲစခန်းက ဆက်လက်​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)