ဖရူဆို ဒီဇင်ဘာ ၉
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ရှားမူက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီ၊ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့် တို့က ဖရူဆိုမြို့နယ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ အကာင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး ပြောကြားသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူး ဒေါ်ဖြူစင်သန့် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းတစ်ခုချင်းအလိုက် မိတ်ဆက် ရှင်းလင်းခြင်းနှင့် မြို့နယ်လျှပ်စစ်မှူးရုံး မြို့နယ် လျှပ်စစ်မှူး ဦးကျော်နိုင်ဝင်း က မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော ကျေးရွာကိုယ်စားလှယ်များက ၄င်းလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းနှင့် စိစစ်ရေးကော်မတီ ဦးအောင်မြင့်ထွန်း က မြို့နယ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများသည် ကျေးရွာအတွက် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများဖြစ်၍ စံချိန်စံညွှန်း ပြည့်မီရေးနှင့် သတ်မှတ်ကာလတွင် အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ဖရူဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၂၉၇.၇၄၅ ဖြင့် ကျေးလက်လယ်ယာ ကုန်ထုတ်လမ်းတံတားလုပ်ငန်း (၂) ခု၊ ကျေးလက်ရေရရှိရေး လုပ်ငန်း (၁) ခု၊ ပြည်နယ်ရန်ပုံငွေကျပ်သန်း ၁၄၃.၅၃ ဖြင့် လယ်ယာကုန်ထုတ်လမ်းတံတားလုပ်ငန်း (၁) ခု၊ ကျေးလက်ရေ ရရှိရေးလုပ်ငန်း (၁) ခု၊ မွမ်းမံရန်ပုံငွေကျပ်သန်း ၁၀.၃၈ ဖြင့် ကျေးလက် ရေရရှိရေးလုပ်ငန်း (၁) ခု နှင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်သန်း ၁၆.၉ ဖြင့် ကျေးလက် ရေပေးဝေရေးလုပ်ငန်း (၁)ခု တို့ကိုလည်းကောင်း မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သန်း ၁၃၉၄.၅၄၅ ဖြင့် ၁၁ ကေဗွီလိုင်း (၃၄)မိုင်၊ ၄၀၀ ဗို့လိုင်း ၂.၈၄ မိုင် နှင့် ထရန်စဖော်မာ ၅ လုံး တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သော ကုမ္ပဏီ(၁၀)ခုတို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)