နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရခရိုင်အတွင်း သဘာဝဘေး (ငလျင်) ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဧပြီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်း မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေး (ငလျင်) ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် မြို့ပေါ်/ ရပ်ကွက်/ ကျေးရွာအလိုက် သဘာဝဘေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အလိုက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များမှ ပျက်စီးဆုံးရှုံးမှုစာရင်းများ မှန်ကန်အောင်ဆောင်ရွက်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိစေရေး၊ ရုံးပိတ်ရက်ကာလအလွန် ဝန်ထမ်းများရုံးပြန်လည်တက်ရောက်ပြီး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးခဲ့သည့် စာကျောင်းများအတွက် စာသင်ကြားနိုင်ရေး ယာယီစာသင်ဆောင်များတည်ဆောက်‌ရေးနှင့် ဆရာ၊ ဆရာမများအတွက် နေထိုင်ရေးအဆင်ပြေအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်ကြီးကြပ်ရေးအဖွဲ့များမှ မြေပြင်ကွင်းဆင်း၍ အလေးနက်ထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နွေစပါးရေလုံလောက်စွာရရှိစေရေးနှင့် စိုက်ပျိုးရေများ အလေအလွင့်မရှိစေရေး၊ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းရရှိပြီး တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဥ်း၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အောင်မျိုးဝင်း (ပြန်/ဆက်)