မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်

ဝါးခယ်မ ဧပြီ ၁

၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးရာသီ၌ တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကို ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာအုပ်စု၊ ရေလိန်ကျေးရွာ ကွင်းအမှတ် (၁၀၁၄ က)၊ ဦးပိုင်အမှတ် (၁ဃ/၂)ရှိ တောင်သူ ဦးခင်‌မောင်ရီ၏ လယ်မြေ (၃.၄၄) ဧက၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကို မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများက စုပေါင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌက တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ မိုးစပါးမစိုက်ပျိုးမီပိုက်ဆံလျှော်မြေခံစိုက်ပျိုးခြင်း‌ဖြင့် မြေဆီလွှာကောင်းမွန်ပြီး သွင်းအားစုဓါတ်မြေဩဇာများ လျှော့ချသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ သီးနှံအထွက်တိုးကာ တောင်သူများ ဝင်ငွေတိုးပွားစေမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)