တနင်္သာရီ ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကြိုးဝိုင်း၊ အကွက်အမှတ်(၅၃၂) နေရာ၌ (၂၂-၁၁-၂၀၂၀) ရက်နေ့က ယာလက်တွင်ဒဏ်ရာဖြင့် ဖမ်းဆီးရမိထားသော ရှားပါး တိရစ္ဆာန်ကြံ့သူတော်(အမ)တစ်ကောင်ကို သက်ဆိုင်ရာ သစ်တောဦးစီးဌာနသို့ လာရောက်အပ်နှံပေးသော မောတောင်မြို့-အမှတ်(၉)ကျေးရွာ၌နေထိုင်သူ ဦးအောင်မိုးစိုး (ခ)ဦးအောင်အောင်(၂၈)နှစ်၊ (အဘ)ဦးမျိုးသိန်း၊ ဗမာ/ဗုဒ္ဓ၊ ဥယျာဉ်အလုပ်လုပ်ကိုင်သူအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်မှ လက်မှတ်ရေးထိုး၍ ချီးမြှင့်ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို မြိတ်မြို့-ရှမ်းချောင်းရပ်ကွက်ရှိ သစ်တောပျိုးဥယျာဉ်အတွင်း ဒီဇင်ဘာလ၈ ရက် ည၆နာရီခွဲအချိန်ကပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား တနင်္သာရီမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း ကကျေးဇူးတင် စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ပေးသည်။
ယင်းသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲသို့ တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန-တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်း၊ မြိတ်ခရိုင်သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ဝင်း၊ မြိတ်မြို့နယ် နှင့်တနင်္သာရီမြို့နယ်မှသစ်တောဦးစီးဌာနဦးစီးမှူးများ၊ တောအုပ်ကြီးများ၊ တောအုပ်များနှင့်ဝန်ထမ်းများ၊ မြိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကေသီမောင် နှင့်ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
အဆိုပါ ကြံ့သူတော်(အမ)အား တိုင်းဒေသကြီးသစ်တောဦးစီးဌာန တိုင်းဦးစီးမှူးဦးမြင့်သိန်း ထွန်း၏လမ်းညွှန်မှုအရ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် တနင်္သာရီ သဘာဝ သစ်တောကြိုးဝိုင်းစီမံကိန်းသို့ ပို့ဆောင်ပေးနိုင်ရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးအောင်သီဟဇော်မှဦးဆောင်၍ သစ်တောဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာန မှလက်ထောက်ကြီးကြပ်ရေးမှူး ဦးလင်းလင်းစိုးတို့လိုက်ပါပြီး ဒီဇင်ဘာလ၈ရက် နံနက်၁၁နာရီမှ စ၍ မောတောင်မြို့-အမှတ်(၉)ကျေးရွာမှတစ်ဆင့် မော်တော်ယာဉ်အတွင်း လှောင်အိမ်ဖြင့် သယ်ဆောင်လာကြရာ တနင်္သာရီ မြို့ကိုဖြတ်၍ မြိတ်မြို့နယ် ရှမ်းချောင်း သစ်တောပျိုးဥယျာဉ်သို့ ညနေ ၆နာရီခန့်ရောက်ရှိသဖြင့် ကြံ့သူတော်အား လမ်းခရီးပင်ပန်းမှု မဖြစ်စေရေးအတွက်အနားပေးခြင်း၊ အပူချိန်တိုင်းခြင်း၊ ရေချိုးပေးခြင်း၊ လက်ဒဏ်ရာအားဆေးထည့်ပေးခြင်း၊ ပတ္တီးစည်းပေး မှုများပြုစု ဆောင်ရွက်ကြစဉ် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရှိ ရသည်။
အဆိုပါ ကြံ့သူတော်(အမ)သည် အလျား(၆ပေ)၊ လုံးပတ်(၆ပေ)၊ အမြင့်(၃ပေ-၇ လက်မ)နှင့် အမြီးက(၅လက်မ)အရွယ်ရှိပြီး၊ ညွှတ်ကိုင်းမိထား၍ ညာလက်တွင် ထိခိုက်ဒဏ်ရာရရှိထားစဉ် ဖမ်း ဆီးရမိခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဒဏ်ရာရရှိထားပြီး ပုတ်ကာအရိုးပေါ်နေသည့် ညာလက်ဆစ်ကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာသန့်ဇင်ဦးက ထုံဆေးအသုံးပြု၍ ဒီဇင်ဘာလ၁ရက်နေ့က ဖြတ်ပစ်ကာဆေးကုသမှုများပြုခဲ့ရာ ယခုအခါကြံ့သူတော်မှာ အနာကျက်၍ ပြန်လည် ကျန်းမာလာ ပြီဖြစ်သဖြင့် ယခုကဲ့သို့ သယ်ယူပို့ဆောင်လာခြင်းဖြစ်ကြောင်း၊ ယခုည ၈နာရီခွဲအချိန် တွင် မြိတ်မြို့မှရေဖြူမြို့နယ် တနင်္သာရီ သဘာဝသစ်တောကြိုးဝိုင်းစီမံကိန်းသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သီဟဇော် ထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(တနင်္သာရီမြို့နယ်ပြန်/ဆက်)