မြိတ် ဒီဇင်ဘာ ၉
မြန်မာပြည်သူတစ်ရပ်လုံးကို အမျိုးသားရေးစိတ်ဓာတ်ကိုနှိုးဆော်ပေးခဲ့သည့် အမျိုးသားအောင်ပွဲနေ့သည် (၂၀၂၀)ပြည့်နှစ် တန်းဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ ယနေ့တွင် နှစ်(၁၀၀)ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေရာ အမျိုးသားအောင်ပွဲနေ့ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်ကို မြိတ်မြို့တွင် ပြည်သူများအား အမျိုးသားအောင်ပွဲနေ့ ယနေ့ နံနက်ပိုင်း၌ ဖြန့်ဝေပေးခဲ့သည်။
နှစ်(၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့အထိမ်အမှတ်အဖြစ် နိုင်ငံတော်အကြီးအကဲများ၏ သဝဏ်လွှာကောက်နုတ်ချက်၊ မိန့်ခွန်းကောက်နုတ်ချက်၊ အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ ဗြိတိသျှတို့ပြဌာန်းခဲ့သည့် ကျွန်ပညာရေးဥပဒေ၊ နှစ်(၁၀၀)ပြည့်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေ ကို သပိတ် မှောက်ရန်သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သိကောင်းစရာအကြောင်းအရာများနှင့် အမျိုးသား အောင်ပွဲနေ့ဆိုင်ရာ ကဗျာ၊ ကာတွန်းနှင့် ဓာတ်ပုံ မှတ်တမ်းများပါဝင်သည့် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခမဲ့ထုတ်ဝေခဲ့သည်။
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြိတ်ခရိုင်ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်နှင့် ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ ဒီဇင်ဘာ(၉)ရက် နံနက်ပိုင်းတွင် မြိတ်မြို့ ဆိပ်ငယ် စည်ပင်သာယာစျေးကြီးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ၊ ကားဂိတ်များနှင့် တက္ကစီဂိတ်များရှိ ပြည်သူ များ၊ လမ်းသွားလမ်းလာများ၊ ပြည်တော်သာရေဆင်းတံတားနှင့် ဆိပ်ငယ်ဗောတံတားတို့တွင် ခရီးသွား ပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )