ချီဖွေမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ရသော စားသောက်ဆိုင်များအား ညွှန်ကြားချက်များလိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေး

 ချီဖွေ   ဒီဇင်ဘာလ  ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ရသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာလ(၈)ရက် မွန်းလွဲ(၁)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့် “A” အဆင့်ရ စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များတွင် လက်ဆေးဘေစင်များနှင့် လက်သန့်ဆေးထား ရှိစေခြင်းများ၊ကိုယ်အပူချိန်တိုင်းခြင်းများ၊ စားပွဲဝိုင်းများကို ခြောက်ပေအကွာထားရှိစေခြင်းများ၊ စားပွဲ များပေါ်တွင် အကာများထားရှိစေ ခြင်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး ပိုစတာများ ကပ်ထားစေခြင်းများ စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်မှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ “ A” အဆင့်ရသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင် စုစုပေါင်း (၁၅)ဆိုင်ရှိရာ ဒီဇင်ဘာလ(၈)ရက်မှစ၍ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုထားကြောင်း၊ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်မှု ရှိ/မရှိကို စဉ်ဆက်မပြတ် ကြပ်မတ် စစ်ဆေးသွားမှာဖြစ်ပြီး လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက် သွားမှာ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇောင်းရယ်က ပြောပြချက်အရ သိရသည်။

နန်းမြင့်(မြို့နယ်ပြန်/ဆက်)