တာလေ ဧပြီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ ယနေ့ မွန်းလွဲ(၂)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဒေါက်တာခင်မောင်ညိုရေးသားသော "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးနိုင်သည့် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပြီး လူမှန်သမျှ အသက်မွေးဝမ်းကြောင်းအတတ်ပညာတစ်ခုစီ တတ်မြောက်ရန် လိုအပ်ကြောင်း၊ အတတ်ပညာတစ်ခုရှိမှ လောကအလယ် အဆင်ပြေစွာ ရပ်တည်နိုင်ကြောင်း၊ သက်ဆိုင်ရာအတတ်ပညာ၌ ကျွမ်းကျင်လေ ပို၍တင့်တယ် အောင်မြင်မည်ဖြစ်ကြောင်း၊ "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း"ဟုအမည်ပေးထားသည့် ဤစာအုပ်ထဲတွင် စာဖတ်သူတို့ အတုယူနည်းမှီလောက်သည့် လူမှုဆက်ဆံရေးနှင့်စပ်လျဉ်း၍ ကျယ်ဝန်းပြည့်စုံသော ကျမ်းကြီးတစ်စောင်သဖွယ်မဖြစ်သော်လည်း မိမိဘဝတိုးတက်ကောင်းမွန်အောင် ပြုပြင်ရန် အစဉ်စိတ်ထက်သန်ကြသူတို့အတွက်ကား လက်တွေ့အကျိုးပြုမည့် အချက်အလက်များစွာ ပါဝင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက "လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းစိတ်၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့် အလှအပ" စသည့် စာအုပ်ပါအကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှု ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဉ်ကျင်းပပြုလုပ်လျက်ရှိပြီး စိတ်ပါ၀င်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)