ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁ /၂၀၂၅ - ၂၀၂၆) ကျင်းပ

တောင်ကြီး ဧပြီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁ / ၂၀၂၅ - ၂၀၂၆) ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနှင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများမှတ်ပုံတင်ပေးဖို့ (၃၀၀)ခု လျာထားပြီး၊ ယခုအစည်းအဝေးမှာ(၁၉၂)ဦး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့အထိ ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၁၈၆၁) ခုကို မှတ်ပုံတင်ခွင့်ပြု ထားပေးပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအမှတ်စဉ် (၁/ ၂၀၂၅-၂၀၂၆) အစည်းအဝေးတွင် လုပ်ငန်းအသစ်လျှောက်ထားလာသည့် စားသောက်ကုန်လုပ်ငန်း (၅၃)ခု၊ လူသုံးကုန်လုပ်ငန်း (၂၇)ခု၊ အဝတ်အထည်လုပ်ငန်း(၄၆)ခု၊ နေထိုင်ရေးလုပ်ငန်း (၁)ခု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း (၅၁)ခုနှင့် အထွေထွေလုပ်ငန်း(၂၁)ခု၊ စုစုပေါင်း(၁၉၉)ခုကို ဥပဒေနှင့်အညီစနစ် တကျခွင့်ပြုပေးနိုင်ဖို့ ဝိုင်းဝန်းဆွေးနွေးကြရန်ဖြစ်ကြောင်း မြင်းကောင်ရေ(၅)ကောင်အားနှင့်အောက်ရှိပြီး အလုပ်သမား (၉)ဦးထက်ပိုသည့် စက်မှုလုပ်ငန်းနဲ့ အလုပ်သမား(၃)ဦးနှင့်အထက်ရှိသည့် လက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက်အကြံပြု ဆွေးနွေးကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်များနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ဝန်ကြီးနှင့် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး   လုပ်ငန်းမှတ်ပုံတင်များအား  ဥပဒေနှင့်အညီ စိစစ်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇင်(ပြန်/ဆက်)