မိုင်းယောင်း၌ သီရိမင်္ဂလာငြိမ်းအေးစေတီတော် ထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ

မိုင်းယောင်း ဧပြီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌  သီရိမင်္ဂလာငြိမ်းအေးစေတီတော် ထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော် ရင်ပြင်၌ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

ထီးတော်တင်ပွဲတွင် ဧည့်ပရိသတ်များက မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဟိုခုံဆရာတော်ထံမှ သီလခံယူပြီး အလှူရှင်မိသားစုက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့ကို ဆရာတော်များထံ ဆက်ကပ်လှူဒါန်းကာ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ခဲ့ပြီးနောက် ရွှေထီးတော်ဘုံအဆင့်ဆင့်ကို မင်္ဂလာရထားပျံဖြင့် စေတီတော်ပေါ်သို့ တင်လှူပူဇော်ခဲ့သည်။

ထို့နောက် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး စေတီတော်ကြီးအား အနေကဇာတင် ပူဇော်ခဲ့ကြသည်။ အဆိုပါ ရွှေထီးတော်တင်လှူပူဇော်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မိုင်းယောင်းမြို့နယ်ရှိ စေတနာရှင်၊ အလှူရှင်များ၊ ရပ်ဝေးဒေသမှ အလှူရှင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ရာဇီ(ပြန်/ဆက်)