ပူတာအို ဧပြီ ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းသား/ကျောင်းသူများ အခြေခံအင်္ဂလိပ်သဒ္ဒါကို တတ်မြောက်နိုင်ရန်၊ နွေရာသီကျောင်းပိတ်သည့် ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်အတွက် ပညာဒါနအဖြစ် ဖွင့်လှစ်သည့် အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးထက်အောင်ကျော်က သင်တန်းထူးချွန်ဆု ရွေးချယ်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်ဆု ရရှိသူ အ.ထ.က(လေယာဉ်ကွင်း)ကျောင်း G-6 မှ မ ဝမ်ခိန်မေလျှံအားလည်းကောင်း၊ သင်တန်းနည်းပြဆရာ ဦးထက်အောင်ကျော်က သင်တန်းထူးချွန် ပထမဆုရ အ.လ.က(မြို့မ)ကျောင်း G-9 မှ မစွဲ့ကေသီအောင်အားလည်းကောင်း၊ ခါကာဘို အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဒေါ်နီလာပွင့်က သင်တန်းထူးချွန် ဒုတိယဆုရ အ.လ.က (မြို့မ) ကျောင်း G-6 မှ မမေလတ်ရိန်အားလည်းကောင်း၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဦးလှတောင်က သင်တန်းထူးချွန် တတိယဆုရ အလက(မြို့မ) ကျောင်းG-5 မှ မလေဒီမြင့်မိုရ်အားလည်းကောင်း အသီးသီး ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ သင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၅၀)ဦးတို့အား မတ်လမှ ဧပြီလအထိ အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေရက်များတွင် နေ့စဉ် မွန်းလွဲ(၂)နာရီမှ (၃)နာရီခွဲအထိ သင်တန်းနည်းပြဆရာများက ပညာဒါနအဖြစ် သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)