ချမ်းအေးသာစံ ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ဘူမိဗေဒပညာရှင် ဒေါက်တာယုမောင်နှင့်အဖွဲ့၊ တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်တော်ရှိ ကျောက်သေတ္တာကြီး မူလအခြေအနေမှ တိမ်းစောင်းသွားခဲ့ရာ လက်ရှိအတိုင်းခိုင်ခံ့စေရေးနှင့် ဘေးပတ်ဝန်းကျင်အန္တရာယ်မဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်မည့်နည်းလမ်းများအတွက် ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ အနီးကပ်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးငလျင်ကြီးကြောင့် ရွှေသာလျောင်းတောင်တော်ရှိ ကျောက်သေတ္တာကြီးမှာ မူလအခြေအနေမှ တိမ်းစောင်းသွားမှုအခြေအနေ၊ လက်ရှိတည်ရှိနေမှုအခြေအနေများကို ဒရုန်းဖြင့်ရိုက်ကူးထားသည့် Video Clip များ၊ မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှု၍လည်းကောင်း၊ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီတော်အား အနီးကပ်မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် ကျောက်သေတ္တာစေတီတော်လက်ရှိအတိုင်း ခိုင်ခံ့စေရေး၊ မွမ်းမံပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်