ကြံခင်းမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စုပေါင်းကြဲပက်

ကြံခင်း ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကွမ်းအစ်ကုန်းအုပ်စု၊ ဝန်ထောက်ကွင်းကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းဘေး၌ ယနေ့ နံနက် ၉ နာရီက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပက်ခြင်းဆောင်ရွက်ရာ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က တောင်သူများအား မိုးစပါးစိုက်ပျိုးရာ၌ အသုံးဝင်သော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကို ထည့်သွင်းခြင်းဖြင့် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးထွက်စေရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်​​​စေခြင်း၊ မြေဩဇာသုံးစွဲမှုနည်းခြင်းကြောင့် မြေဆီလွှာပျက်စီးမှုနည်းခြင်း၊ တောင်သူများ ကုန်ကျစရိတ်သက်သာလာခြင်းများဖြစ်ပေါ်လာမှာဖြစ်တာကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုက်ဆံလျှော်မျိုးစေ့များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိသောကြောင့် မိုးစပါးစိုက်ပျိုးမည့် လယ်မြေများတွင် ကြဲပက်ပေးဖို့လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များအား ဝန်ထောက်ကွင်းကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းဘေး တောင်သူ ဦးအောင်ကိုဦး၏ ကွင်းအမှတ် ၆၈၊ ဦးပိုင် ၁၀၅၊ လယ်မြေ ၃ ဧကခန့်အတွင်း စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)