မြစ်ကြီးနား ဧပြီ ၂၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက်အောင်မြင်မှုရရှိရေးအတွက် အားကစားသမားများအားကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက အားကစားကွင်း၊ အားကစားရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်အားကစားကွင်းအတွင်း အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင်အဖြစ်ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများနှင့်နည်းပြများကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ်အားကစားသမားများနှင့် နည်းပြများအားလည်းကောင်း၊ အဆိုပါကွင်းအတွင်း နွေရာသီအခြေခံဘောလုံးသင်တန်းတက်ရောက်နေသော အားကစားသမားများအားလည်းကောင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အားကစားသမားများနှင့် နည်းပြများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြေးခုန်ပစ်အားကစားသမားများ၏ မီတာ(၁၀၀)တာတိုအပြေးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်ကစားသမားများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်းရှိ ဂျူဒိုနှင့်ဝူရှုးအားကစားရုံ၌ စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ဂျူဒိုလက်ရွေးစင်အားကစားသမားများနှင့် လက်ဝှေ့အားစကားသမားများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လက်ရွေးစင်မှသည် နိုင်ငံ့လက်ရွေးစင်အဆင့်ထိ ဂုဏ်ယူရသည့် အားကစားသမားကောင်းများဖြစ်လာအောင် ငယ်စဉ်ကတည်းကရည်မှန်းချက်ထား ကြိုးစားလေ့ကျင့်သင်ယူကြရေးမှာကြားခဲ့ပြီး စခန်းသွင်းလေ့ကျင့်စဉ်ကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် အားကစားနည်းအလိုက် အထောက်အကူပြုပစ္စည်းများ ပြည့်စုံလုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ရေး ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။
ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်တံတားအောက်ဘက်ရှိ သဲသောင်အားတူးဖော်ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် နေရာသို့ သွားရောက်ပြီး ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့်မလိခမြစ်တည်ရှိရာ မြန်မာပြည်မြောက်ဖျားပိုင်းတွင် မိုးသည်းရွာသွန်းနေမှုကြောင့် ယမန်နေ့ ဧပြီ ၂၄ ရက်တွင် မြစ်ရေသည် မြစ်ကြီးနားမြို့၌ ၃၃၀ စင်တီမီတာ (၁၁ ပေခန့်) မြင့်တက်လာသဖြင့် လုပ်ငန်းများခေတ္တရပ်ဆိုင်းခဲ့ရသည့် အခြေအနေများနှင့် ယနေ့ မွန်းလွဲပိုင်းတွင် မြစ်ရေအနည်းငယ် ပြန်လည်ကျဆင်းသွားမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြစ်ရေပြန်လည်ကျဆင်းသွားပါက သဲသောင်တူးဖော်ခြင်းလုပ်ငန်းအား မူလလျာထားပေးသည့် အတိုင်းအတာအားပြီးစီးအောင် တူးဖော်ရှင်းလင်းနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်