ဝါးခယ်မ ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြောင်းမြခရိုင်၊ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ယနေ့ နံနက် ၉ နာရီက ဝါးခယ်မမြို့နယ် ကျုံတိုင်ကျေးရွာသို့ ကွင်းဆင်းကာ ကျေးရွာရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကု၊ သွားဘက်ဆိုင်ရာအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ အရိုးအထူးကု၊ ခွဲစိတ်အထူးကု၊ ဓာတ်မှန်၊ အထွေထွေရောဂါနှင့် ကလေးအထူးကု၊ သွားဖွားမီးယပ်၊ အရေပြားအထူးကု ဆရာဝန်ကြီးများက ကျုံတိုင်ကျေးရွာနှင့် အနီးအနားရှိ စလူချောင်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ကံသာကုန်းကျေးရွာ၊ ရှမ်းကုန်းကျေးရွာ၊ လက်ခုပ်ကျေးရွာ၊ စဥ့်ကူးကျေးရွာများမှ ပြည်သူဦးရေ (၆၀၀) ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများကို မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)