တောင်ကြီး ဧပြီ ၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးန်ကြီး ဦးနေဝင်းအောင်သည် မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ကျောင်းတော်အောက်ခြေ ကွန်ကရစ်တိုင် ၈၁ တိုင်များ မွမ်းမံပြင်ဆင်နေမှုနှင့် ပင်မကျောင်းဆောင် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ရှမ်းပြည်နယ်အင်ဂျင်နီယာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ခံခဲ့ရသည့် ညောင်ရွေမြို့နယ်၊ ကေလာကျေးရွာအုပ်စု၊ ဇရပ်ကျေးရွာပြည်သူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူများအားလုံး ဝိုင်းဝန်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)