အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ညောင်ရွှေ     ဧပြီ     ၂၇

မန္တလေးမြေငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေး ဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီ ကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါပကအဖွဲ့မှ ဘုရားကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော် ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားခဲ့သည်။  

ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုရားရင်ပြင်တော် ကျောက်ပြားခင်းခြင်းလုပ်ငန်းနှင့် စံကျောင်းတော်ပင်မဆောင် ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ယခုနှစ်သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော်ကာလအမီ အချိန်မီပြီးစီးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်သားများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုပ်အားဒါနရှင်များဖြင့် အရှိန်အဟုန်မြှင့် ပြုပြင်မွမ်းမံလျက်ရှိကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက အလှူငွေများထည့်ဝင် လှူဒါန်းကုသိုလ် ပါဝင်ကြရာ ၂၅-၄-၂၀၂၅ ရက်နေ့အထိ စုစုပေါင်းထည့်ဝင်လှူဒါန်းငွေ (၁,၂၄၈,၀၃၉,၇၀၀/-)ကျပ် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ