ပူတာအို၌ ရဝမ်လူမျိုးများ၏ရှေးဟောင်းအနုပညာ(အဆို၊ အက၊ အတီး၊ အမှုတ်)သင်တန်းဆင်းပွဲပြုလုပ်

ပူတာအို ဧပြီ  

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူးဖွင့်လှစ်သော ရဝမ်လူမျိုးများ၏ရှေးဟောင်းအနုပညာ(အဆို၊ အက၊ အတီး၊ အမှုတ်)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/သူများက သင်တန်းတွင် မိမိသင်ကြားခဲ့သော ဘာသာရပ်အလိုက် ရဝမ်လူမျိုးများ၏ရှေးဟောင်းအနုပညာ(အဆို၊ အက၊ အတီး၊ အမှုတ်)များဖြင့် လက်တွေ့တီးမှုတ်ကပြ ဖျော်ဖြေကြသည်။

ဆက်လက်၍ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြများနှင့်သင်တန်းသား/သူများက ရဝမ်မနောကွင်း၌ ရဝမ်အဇီ(မနောအက)အမျိုးမျိုးဖြင့် စုပေါင်းလက်တွေ့ကပြဖျော်ဖြေကြသည်။

အဆိုပါ ရဝမ်လူမျိုးများ၏ရှေးဟောင်းအနုပညာ(အဆို၊ အက၊ အတီး၊ အမှုတ်)သင်တန်းသို့ ပူတာအို  မြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား/သူစုစုပေါင်း(၅၅)ဦးတို့ကို ဧပြီ(၁၉)ရက်မှ(၂၆) ရက်နေ့အထိ သင်တန်းနည်းပြများက သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ရဝမ်အဇီး(မနောအက)အမျိုးမျိုးကပြခြင်း၊ သော်ရော်(အတီး)၊ Taw Tere(သော်ဌေရေ အမှုတ်)Mang rong(မန်ရောင် အတီး) Pahaq(ပဟ အက) Pamalam(ဖမာလာမ် အက)၊မန်ရောင်(အဆို)များကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့သည့်အပြင် ရဝမ်လူမျိုးများ၏သမိုင်း၊ ရဝမ်မနောအကအမျိုးမျိုး၊ ပြောင်းလဲကျင့်သုံးမည့် PR စနစ်၊ ရဝမ်လူမျိုးများ၏အမျိုးသား စရိုက်လက္ခဏာများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊ လူငယ်နှင့်စီးပွားရေး၊  IT&AI မိတ်ဆက်၊ ယာဉ်/လမ်း စည်းကမ်း၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ Fitness Dance လူငယ်နှင့်အနာဂတ် စသည့် ခေါင်းစဉ်များဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)