ကျုံပျော် ဧပြီ ၂၇
လယ်ယာမြေ ပျက်စီးခြင်းမှ ကာကွယ်၍ သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခုနှစ် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စု တောင်သူ ဦးအောင်ဇော်၀င်း၏ လယ်မြေသုံးဧကတွင်ပြုလုပ်ရာ တာဝန်ရှိသူတို့က တက်ရောက်လာသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် တောင်သူများထံသို့ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ကြသည်။
ယင်းနောက် ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းညွန့်ဇင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသန်းဇော်ထိုက်နှင့် ဝန်ထမ်းများ၊ တောင်သူများက လယ်မြေအတွင်းသို့ ပိုက်ဆံလျှော်မျိုးစေ့များ စုပေါင်းကြဲပက်ပေးခဲ့ကြသည်။
ပိုက်ဆံလျှော်ကို စိုက်ပျိုး၍ သစ်စိမ်းမြေသြဇာပြုလုပ်ခြင်းဖြင့် မြေဆီလွှာပျက်စီးမှု အန္တရာယ်များကို ကျော်လွှားနိုင်ပြီး မိမိစိုက်ပျိုးမည့် သီးနှံအတွက် အကျိုးဖြစ်ထွန်းမှုများ ရရှိမည်ဖြစ်ကြောင်း၊ သက်တမ်းတိုအတွင်း ကြီးထွားနှုန်းမြန်ဆန်၍ နိုထရိုဂျင်များများထုတ်ပေးသည့် ပိုက်ဆံလျှော်ကို သီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေသြဇာ မြေဖုံးပင်အဖြစ် စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်နိုင်ပြီး အကျိုးကျေးဇူး များစွာဖြစ်ထွန်းကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)