နေပြည်တော် ဧပြီ ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့ မြို့မဈေးအတွင်းရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့သည့် အဆောက်အအုံများအား တပ်မတော်သားများ၊ စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောက်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြမှုအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ဥတ္တရသီရိမြို့နယ်ရှိ သောက်သုံးရေပေးဝေသော ၁၂ လက်မ ရေပို့ပိုက်လိုင်း မန္တလေးလမ်း၊ ဇေယျာဌာနီလမ်းဆုံနှင့် ရာဇသင်္ဂဟလမ်းဆုံအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဖြစ်ပေါ်နေသော နေရာ(၁၂)နေရာ ပြင်ဆင်ခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက mini backhoe (၄)စီး၊ ကရိန်း (၁)စီး၊ HDPE ပိုက်ဆက်စက်များအသုံးပြုပြီး ပြုပြင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး မြို့ရေပေးဝေရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ပေးဝေနိုင်ရေးအတွက် အမြန်ဆုံး ကြိုးစားဆောင်ရွက်ပေးရန်၊ ယခုပိုက်ဆက်များပြင်ဆင်ပြီးသည်နှင့် ရေစမ်းသပ်ပို့လွှတ်ခြင်းဆောင်ရွက်ရာတွင် ရေပို့လွှတ်မည့်လမ်းကြောင်းတစ်လျှောက် စောင့်ကြည့်ရန် ဝန်ထမ်းများ နေရာချထားပြီး ရေယိုစိမ့်မှုဖြစ်သည့်နေရာရှိပါက ချက်ချင်းသိရှိနိုင်ပြီး အမြန်ပြုပြင်ဆောင်ရွက်ရန် အစီအစဉ်ချ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပိုက်လိုင်းပြုပြင်သည့် လုပ်ငန်းများတွင် လိုအပ်ချက်များကို တင်ပြဆောင်ရွက်သွားရန်၊ လိုအပ်ချက်များကိုလည်း လစ်ဟာမှုမရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်အတွင်း ငလျင်ကြောတစ်လျှောက် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ထိခိုက်ခဲ့သည့် အနေအထားများအား ရှင်းလင်းတင်ပြမှုအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)