ပလောက် ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊အမှတ်(၃) ရပ်ကွက်တွင် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့အား ဆက်ကပ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အမှတ်(၃) ရပ်ကွက်ရှိ ပြည်တော်လုံးအေးစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ပုလောမြို့နယ် ၊မော်သာယာကျောင်းတိုက်ဆရာတော်ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကြ သည်။
ယင်းနောက် ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့အား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခြင်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ ကြသည်။ ဆက်လက်၍ စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်တို့အား ဆက်ကပ်တင်လှူ ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ဆရာတော်၊သံဃာတော် များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ လက်ယာရစ်(၃) ပတ်လှည့်လှည် ပူဇော်ခဲ့ပြီး စေတီတော်၏ အထွဋ်အထိပ်သို့ နတ်မြင်းပျံ၊ပန်းရထားတို့ဖြင့် ထီးတော်အား မင်္ဂလာအချိန်တွင် ပင့်ဆောင်တင်လှူပူဇော်ခဲ့ကြပြီး ရွှေမိုး ငွေမိုးများရွာသွန်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်( ပလောက်)