နေပြည်တော် ဧပြီ ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့ ဦးလှထွန်း ဆီစက် သို့ရောက်ရှိပြီး မန္တလေးမြေငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဆီစက်ပိုင်ရှင် ဦးလှထွန်းက ဆီစက်လည်ပတ်နေမှုအခြေအနေများ၊ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ပျဉ်းမနားမြို့မဈေးအတွင်းရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့သည့်အဆောက်အအုံများအား တပ်မတော်သားများ၊ စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာများစုပေါင်း၍ စက်ယန္တယားကြီးများဖြင့် သန့်ရှင်းရေးဆောက်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြမှုအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာရှိ ရွှေသီးနှံအဆင့်မြင့်ဆန်စက်၊ ကောက်ပဲသီးနှံနှင့် ဓါတ်မြေဩဇာရောင်းဝယ်ရေးလုပ်ငန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ငလျင်လှုပ်ခတ်မှုကြောင့် ဆန်စက်ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများ၊ ပြန်လည်ပြင်ဆင်နေသည့်အခြေအနေများနှင့် ဆန်စက်လည်ပတ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာရှိ ကွင်းအမှတ်(၁၇၂၀)ကွင်း၌ နွေစပါးများအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများ၊ နွေစပါးစိုက်ပျိုးရေပေးဝေနေမှုအခြေအနေများနှင့် သဘာဝမြေဩဇာကျဲပတ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နွေသီးနှံစိုက်ပျိုးခြင်းမပြုနိုင်သေးသည့် မြေလွတ်၊ မြေလပ်များတွင်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ကျဲပတ်စိုက်ပျိုးထားရှိရန်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်ပြည်တော်အတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများအတိုင်း ခရိုင်/ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများ၊ ဆန်၊ စပါးလုပ်ငန်းရှင်အသင်းများဖြင့် ပူးပေါင်း၍ လက်တွေ့ကျသည့် သရုပ်ပြစိုက်ပျိုးရေး နည်းပညာပေးခြင်းများ ဆောင်ရွက်သွားရန်နှင့် သဘာဝမြေဩဇာကို ရာနှုန်းပြည့်အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်ရှိ ငြိမ်းချမ်းသာ ဆန်စက်သို့ရောက်ရှိပြီး ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဆန်စက်ပိုင်ရှင် ဦးအောင်ထွန်းက ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့မှုအခြေအနေများ၊ ဆန်စက်လည်ပတ်နေမှုအခြေအနေများနှင့် စပါးခွံတောင့်လောင်စာပြုလုပ်၍ ရန်ကုန်မြို့သို့တင်ပို့ရောင်းချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆန်စက်ရာနှုန်းပြည့်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)