ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ပြည်နယ်/ ခရိုင်/ မြို့နယ် အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပေးဟောပြောပွဲသို့ တက်ရောက်

မြစ်ကြီးနား ဧပြီ ၂၇

ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ဦးဆောင်၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ကမ္ဘာ့နိုင်ငံတစ်ဝန်းတွင်သာမက အာဆီယံနိုင်ငံများ၊ မိမိတို့နိုင်ငံတွင်လည်း  သဘာဝဘေးများ ဖြစ်ပွားလျက်ရှိသည့်အတွက်ကြောင့် မိမိတို့ကချင်ပြည်နယ်အနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ယခုလို အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သဘာဝဘေးလျော့ပါးရေးအစီအမံများ ထည့်သွင်းစဉ်းစားဆောင်ရွက်‌ရေးကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မိမိ တို့ဌာနအဖွဲ့အစည်းများ၏ နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မှတ်ယူဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထုတစ်ရပ်လုံးကလည်း နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်သွားကြရန်၊ ထို့အတူ လူတစ်ဦး တစ်ယောက်ချင်းစီက တာဝန်သိစိတ်ကိုယ်စီဖြင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက ကချင်ပြည်နယ်၌ (၅)နှစ် အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်ပွားခဲ့မှုနှင့် ထိခိုက်ဆုံးရှုံးခဲ့မှု အခြေအနေများ၊ ငလျင်ဘေး၊ ရေဘေးနှင့် မီးဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဖြစ်ပွားမှုမရှိမီ၊ ဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးချိန်တွင် ကာကွယ်ဆောင်ရွက်ရန် နည်းလမ်းများကို လည်းကောင်း၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးသန်းဇော်ဦးက မီးဘေးအန္တရာယ်ဖြစ်ပွားခဲ့မှု အခြေအနေများ၊ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များအတွက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စုဖွဲ့ဆောင်ရွက်ထားရှိမှု အခြေ အနေများကို လည်းကောင်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်းနှင့် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ အသိပညာ ပေးခြင်းလုပ်ငန်းများ အကြောင်းကို လည်းကောင်း ဟောပြောခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဒေါက်တာတင့်နိုင်က သဘာဝဘေးဖြစ်ပွားပြီးနောက် ရင်ဆိုင်ကြံ့တွေ့ရသည့် နောက်ဆက်တွဲ ဖြစ်ပွားတတ်သည့် ရောဂါများနှင့်လိုက်နာကျင့်ကြံ့နေထိုင်ရမည့် ကျန်းမာရေးဆိုင်ရာအသိပညာများကိုလည်းကောင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများကိုလည်းကောင်း အသီးသီးဆွေးနွေး ဟောပြောဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်ကို (၅)နှစ်တာ စာရင်းများအရ မီးဘေး (၁၄၂)ကြိမ်၊ ရေဘေး (၂၇)ကြိမ်၊ ကမ်းပြိုဘေး (၁၃)ကြိမ်၊ လေဘေး (၃၉)ကြိမ်၊ မိုးကြိုးဘေး (၇)ကြိမ်၊ မိုင်းထိ (၂၃)ကြိမ်တို့ဖြင့် စုစုပေါင်း (၂၈၇) ကြိမ်ဖြစ်ပွားခဲ့မှုကြောင့် အိမ်ထောင်စု (၇၆၈၇)စု၊ လူဦးရေ (၁၄၆၀၈၉)ဦးဘေးသင့်ခဲ့ကြောင်းပြီး သေဆုံး (၁၂၀)ဦး၊ ဒဏ်ရာရ (၈၅)ဦးရှိကြောင်းနှင့် နှစ်ပေါင်း ၂၀ ကျော်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဧရာဝတီမြစ်ရေ စံချိန်မြင့်တက်မှုကြောင့် အိမ်ထောင်စု (၁၆၃၄၁)စု၊ လူဦးရေ (၆၈၇၄၇)ဦး ရေဘေးဒဏ်ခံစားခဲ့ရပြီး ကဏ္ဍ(၁၇)ခုရှိ ပျက်ဆီးဆုံး ရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ကျပ်(၂၂ ဒဿမ ၃၆)ဘီလီယံထိရှိကြောင်း အဆိုပါ ဟောပြောပွဲမှ သိရသည်။

ပြည်နယ်ပြန်/ဆက်