တာချီလိတ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေး

တာချီလိတ် ဧပြီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ လာမည့်နှစ် မိုးရာသီတွင် ရေကြီးရေလျှံမှုလျှော့ချနိုင်ရေးအတွက် ရေထိန်းနံရံများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့တွင်းစီးဆင်းနေသည့် ရေချောင်း၊ ရေမြောင်းများ သန့်ရှင်းသာယာလှပရေးလုပ်ငန်းစဉ်များ စသည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများက မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများသို့ ငွေကျပ် သိန်း ၂၉၄၈ ဒဿမ ၀၇ ကျပ်နှင့် ဒေသသုံး ထိုင်းဘတ်ငွေ ၃၃၇၀၀၀ ဘတ် လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)