မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အောင်မြင်စွာ ဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူများနှင့် တွေ့ဆုံ

ချမ်းအေးသာစံ ဧပြီ ၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအတွင်း ပြန်လည်ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အောင်မြင်စွာဖြေဆိုနိုင်ရေး ဧပြီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ကိုယ်ပိုင်ကျောင်းတည်ထောင် အုပ်ချုပ်သူများအား အခြေခံပညာကျောင်းများ၌တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  စဉ့်ကိုင်မြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်း(ပလိပ်)သို့လည်းကောင်း၊ ကျောက်ဆည်မြို့ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း သို့လည်းကောင်း၊ ကူးမဲမြို့ အခြေခံပညာအထက်တန်းကျောင်း(သာလွန်)သို့ လည်းကောင်း၊ ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်း(သဲတော)သို့လည်းကောင်း၊ မိတ္ထီလာမြို့နယ်ရှိအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ သာစည်မြို့နယ်ရှိအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့လည်း‌ကောင်း၊ ပျော်ဘွယ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ယင်းတော်)နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ လည်းကောင်း၊ ရမည်းသင်းမြို့နယ် ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (မြို့မ)သို့လည်းကောင်း သွားရောက်ပြီး တွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လာမည့် ဇွန်လ ၁၆ ရက် မှ ၂၁ ရက်အထိ ပြန်လည် ကျင်းပစစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ပြန်လည်ဖြေဆိုခွင့်ပြုထားသည့် ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်အားလုံးကို အဆင်ပြေချောမွေ့အောင်မြင်စွာဖြင့် ပြီးဆုံးသည်အထိ ဖြေဆိုနိုင်ရေးနှင့် အခက်အခဲများရှိပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက်လာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မတ်လ ၂၈ ရက် မွန်းလွဲပိုင်း၌ လှုပ်ခတ်ခဲ့သည့် အင်အား အလွန်ပြင်းထန် သောမန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို စာစစ်လုပ်ငန်းများ ဆောင်ရွက်နေသည့် မန္တလေးတက္ကသိုလ်ပင်မအဆောက်အအုံ ထိခိုက်ပြိုကျပျက်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့မှ အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယခင်စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများ ကိုသာပြန်လည်ဖြေဆိုခွင့်ပြုထားပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးလုပ်ငန်းများတွင် ပညာတတ်လူ့စွမ်းအား အရင်းအမြစ် များစွာလိုအပ်ပါကြောင်း၊  စာမေးပွဲဖြေဆိုနိုင်ရေးအတွက် နေထိုင်ရေး၊ စားသောက်ရေး၊ စာရေးကိရိယာများ ဖြည့်ဆည်းထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ တတ်မြောက်ပြီး သင်ခန်းစာများကို အချိန်ကာလတစ်ခုအတွင်း  အနီးကပ်စခန်းသွင်း လေ့ကျင့်၍ ထိရောက်စွာ ပြန်လည်သင်ကြားပေးသွား မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်  လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများကြားမှ ကျောင်းသား၊ကျောင်းသူများအပေါ် စေတနာ၊ ဂရုဏာ စိတ်အပြည့်ဖြင့် သင်ကြားပေးသွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကိုယ်ပိုင်ကျောင်း တည်ထောင်သူများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်နှင့် နိုင်ငံတော်မှ လိုအပ်သည့်ထောက်ပံ့မှုများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ Grade 12 သည် နိုင်ငံတကာ ပညာရေးအရ GCE – A Levelနှင့်ညီသည့်အတွက် ယခုစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများအားလုံး ခိုင်မာသောယုံကြည်ချက်အပြည့် ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစား၍ အောင်မြင်စွာဖြေဆိုသွားကြရန်နှင့် သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသော တက္ကသိုလ်ဝင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည်များကိုကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း  ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့်  ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် စာရေးကိရိယာများနှင့် ပုံနှိပ်သင်ရိုးညွှန်းတမ်းစာအုပ်များကို နိုင်ငံတော်က ထောက်ပံ့ပေးသွားမည့်အစီအမံများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲများ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများမှ တင်ပြဆွေးနွေးချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့်စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်