လွိုင်လင် ဧပြီ ၂၈
ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလမှ ဦးစီးကျင်းပသော ကျောင်းသားဗဟိုပြု ပရိယတ္တိ သဒ္ဓမ္မပါလ (၄၅) ရက် နွေရာသီသင်တန်းကို လွိုင်လင်မြို့ ဓာတ်တော်ပရိယတ္တိစာသင်တိုက်တွင် မတ်လ ၁၅ ရက်မှ ဧပြီလ ၂၇ ရက်နေ့အထိ သင်တန်းဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲကို ယနေ့နံနက် (၇) နာရီက အဆိုပါစာသင်တိုက်တွင် ကျင်းပကြောင်း သိရသည်။
ဦးစွာ နိုင်ငံတော် ဩဝါဒစရိယ ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ ဆရာတော်ဘုရားကြီးမှ ဆီမီးထွန်းညှိ၍ နမောတဿ သုံးကြိမ်ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် ဆရာတော်ဘုရားကြီးထံမှ ဩဝါဒခံယူကြသည်။ ထို့နောက် နွေရာသီသင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းနှင့်ပတ်သက်၍ သင်တန်းနည်းပြ ဆရာတော်က ရှင်းလင်းပြောကြားသည်။ထို့နောက် သင်တန်းသားများက သင်တန်းနှင့်ပတ်သက်သည့် အတွေ့အကြုံများကို အင်္ဂလိပ်၊ မြန်မာ၊ ရှမ်း ဘာသာများဖြင့် ရှင်းလင်းပြောကြားခြင်း၊ သင်တန်းနည်းပြ ဆရာ/ဆရာမများကိုယ်စား ဆရာမတစ်ဦးက သင်တန်းနှင့်ပတ်သက်၍ အတွေ့အကြုံ အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ နွေရာသီသင်တန်းတွင် ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် သင်တန်းပို့ချပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုလွှာပေးအပ်ခြင်း အစီအစဉ်ကို ကျင်းပရာ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒမှ ချီးမြှင့်ပေးအပ်ပြီးနောက် သင်တန်းသား ကိုရင်လေးပါးတို့က အင်္ဂလိပ်၊ မြန်မာ၊ ရှမ်း နှင့် ပါဠိ ဘာသာများဖြင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားကြသည်။
ထို့နောက် သင်တန်းတွင် အလှူငွေရရှိမှု၊ သုံးစွဲမှုရှင်းတမ်းများကို တာဝန်ရှိသူများက ဖတ်ကြားကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြခြင်း၊ ဆရာတော်ဘုရားကြီးအား ပြန်လည်ကန်တော့ခြင်းနှင့် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းက ရုတ်သိမ်းလိုက်ပြီး ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ ကျောင်းသားဗဟိုပြု ပရိယတ္တိ သဒ္ဓမ္မပါလ (၄၅) ရက်သင်တန်းသို့ သင်တန်းသား ကိုရင်၊ သီလရှင် (၄၀) ပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး