မိတ္ထီလာခရိုင်အတွင်း ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးနှမ်းသီးနှံများ သတ်မှတ်လျာထားသည့်အထွက်နှုန်းများရရှိစေရေး မိုးနှမ်းသီးနှံစိုက်ပျိုးမည့်တောင်သူမျာနှင့် တွေ့ဆုံဆွေးနွေး

မိတ္ထီလာ ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မိုးနှမ်းသီးနှံများ သတ်မှတ်လျာထားသည့် အထွက်နှုန်းများရရှိစေရေးမိုးနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က အဖွင့်အမှာစကားပြောကြားရာတွင် မိတ္ထီလာခရိုင်တွင် နှမ်းစိုက်ဧကများ နှမ်းသီးနှံအထွက်နှုန်း နည်းပါးသည့်အတွက် နှမ်းသီးနှံများ သတ်မှတ်လျာထားသည့် အထွက်နှုန်းများရရှိစေရန် နှမ်းစိုက်တောင်သူများနှင့် တွေ့ဆုံပြီး နှမ်းစိုက်တောင်သူများ၏ နှမ်းသီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များ၊ အရင်းအနှီးလိုအပ်ချက်များ၊ သွင်းအားစု၊ မျိုးကောင်း မျိုးသန့်များ၊ စိုက်ပျိုးရေ၊ မြေပြုရန်လိုအပ်မှုအခြေအနေများနှင့် ပိုးမွှားအန္တရာယ်နှိမ်နင်းနိုင်ရန် ကာကွယ်ဆေးများစသည့် လိုအပ်ချက်များ သိရှိနိုင်ရန်နှင့် လိုအပ်ချက်များကို အဆင့်ဆင့်တင်ပြပြီး ဖြည့်ဆည်းပေးနိုင်ရေးတွေ့ဆုံခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက မိတ္ထီလာခရိုင်အတွင်း နှမ်းသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများ၊ စိုက်ပျိုးရာတွင် လိုအပ်လျက်ရှိသည်အခြေအနေများအားဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်သည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး  မိုးနှမ်းသီးနှံ စိုက်ပျိုးရာတွင် လိုက်နာရမည့်အခြေအနေများနှင့်ပတ်သက်၍ မိတ္ထီလာခရိုင်စိုက်ပျိုးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ၊ ပိုးမွှားကာကွယ်ရေးတာဝန်ခံ၊ မြေအသုံးချမှုတာဝန်ခံများ က ရှင်းလင်းဆွေးနွေးခဲ့ သည်။

ယင်းနောက် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် မိုးနှမ်းသီးနှံစိုက်ပျိုးမည့်နှမ်းစိုက်တောင်သူများက မိမိတို့မြို့နယ်အတွင်း နှမ်းသီးနှံစိုက်ပျိုးရာတွင်တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးက ဆွေးနွေးမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။                      

သိန်းမြင့်ကျော်(မိတ္ထီလာ)