ဟားခါးမြို့၌ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း) ရှင်းလင်းပွဲ ကျင်းပ

ဟားခါး ဇန်နဝါရီ ၁၁

ချင်းပြည်နယ် လူငယ်ရေးရာကော်မတီနှင့် ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း) ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ က ဟားခါးမြို့ CACC ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူး ဦးလျန်ဆွင်းပြောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က အမှာစကား ပြောကြားပြီး ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူး ဦးလျန်ဆွင်းပြောင်၊ တွဲဖက်အတွင်းရေးမှူး ဦးLian Bawi တို့က မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း) ကဏ္ဍ(၁၆)ခုတွင် ပါဝင်သည့် စီးပွားရေးကဏ္ဍ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးကဏ္ဍ၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ၊ သုတေသနအခန်းကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် အားကစားနှင့် အပန်းဖြေခြင်း ကဏ္ဍ စသည့်ကဏ္ဍများအား ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် တက်ရောက်လာကြသူများ၏ သိရှိလိုသည့် အချက်များအား ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ကျော်စွာ(ပြန်/ဆက်)