မိုင်းယောင်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကူးစက် ပြန့်ပွားလျက်ရှိရာ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် Fever Clinic ကိုယ်ပူဖျားနာဆေးကုခန်းကို ယနေ့ နံနက် ပိုင်းက အမှတ်(၉)ရပ်ကွက်၌ ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ Fever Clinic ကိုယ်ပူဖျားနာဆေးကုခန်းကို နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ နေ့စဉ် ဖွင့်လှစ် ထားရှိမည်ဖြစ်ကာ မည်သူမဆို ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှူကြပ်၊ အနံ့မရ၊ နှာစေး၊ အရသာခံစားမရသူများ လာရောက်ပြသပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူနိုင်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၉ ရက်အထိ ရောဂါဖြစ်ပွားရာမြို့နယ်မှ ပြန်လာသူ ငါးဦးနှင့် ဒေသတွင်း ကူးစက်သူ သုံးဦး စုစုပေါင်း အတည်ပြုလူနာ ရှစ်ဦးရှိကြောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် Facility Quarantine ဝင်နေသူ ၂၃၃ ဦး၏ Swab နမူနာများကို တောင်ကြီးဓာတ်ခွဲသို့ ပို့စစ်ထားကြောင်း သိရသည်။
“လက်ရှိမှာ ဒေသကူးစက်မှု ဖြစ်သွားပါပြီ၊ ရောဂါဖြစ်ပွားရာ မြို့နယ်မှ ပြန်လာသူရဲ့ မိသားစုတွေ ရောဂါ ထပ်ကူး နေပါတယ်၊ ခရီးသွားရာဇဝင်လည်း မရှိပါဘူး၊ မြို့နယ်အတွင်း ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အဓိကဖြစ်တဲ့ မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြပါနဲ့၊ မဖြစ်မနေ ထွက်ရပါက Mask တပ်ပါ၊ အိမ်ပြန်ရောက်တဲ့အခါ Mask ကို စနစ် တကျ ပြန်လည်စွန့်ပစ်ပါ၊ လက်ဆေးပါ၊ လူစုလူဝေးရှောင်ပါ၊ ဒီကာလမှာ အတည်ပြုလူနာနဲ့ ထိတွေ့မှု ရှိတဲ့သူ ဘဲဖြစ်ဖြစ်၊ မရှိတဲ့သူဘဲဖြစ်ဖြစ် ဖျားတယ်၊ ချောင်းဆိုးတယ်၊ လည်ချောင်းနာတယ်၊ အသက်ရှူကြပ်တယ်၊ အနံ့မရ လက္ခဏာတွေရှိရင် Fever Clinic မှာ လာရောက်စမ်းသပ်နိုင်ပါတယ်”ဟု မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ပြောသည်။
“I Stay At Work For You/ You Stay At Home For Us”၊ “လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးပါ”၊ “နှာခေါင်းစည်းတပ်ပါ”၊ “ချောင်းဆိုးနှာချေလျှင် နှာခေါင်းနှင့်ပါးစပ်ကို အုပ်ထားပါ”၊ “လူထူထပ်သောနေရာများ ရှောင်ကြဉ်ပါ”၊ “၁၂ နှစ်အောက် ကလေးငယ်များကို မလိုအပ်ဘဲ ဆေးရုံခေါ်မလာပါနဲ့”၊ “ကိုယ်ခံအား ကောင်းအောင် နေထိုင်ပါ”၊ “တိရစ္ဆာန်များနှင့် အနီးကပ်နေထိုင်ခြင်း ရှောင်ကြဉ်ပါ”၊ “မမှန်ကန်သော ရောဂါ သတင်း ဖြန့်ဝေခြင်းရှောင်ကြဉ်ပါ” စသည့် မြို့နယ်အတွင်း ရောဂါထိန်းချုပ်နိုင်ရေး အရေးကြီး အချက် များကို မိဘပြည်သူများအနေနှင့် မပေါ့ဆကြဘဲ လိုက်နာဆောင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
မိုင်းယောင်းမြို့နယ်တွင် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ၊ ပြည်တွင်း Stay At Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များနှင့် ရောဂါဖြစ်ပွားရာ မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများကို မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် Community Based Facility Quarantine Center များတွင် အသွား အလာကန့်သတ် စောင့်ကြည့်မှု ခံယူထားကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း