မူဆယ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နယ်စပ်ဒေသ၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ နိုင်ငံတော်၏ နေ့ထူး၊ နေ့မြတ်များနှင့် ပတ်သက်၍ ပြည်သူလူထုများ ပိုမိုသိရှိနားလည်နိုင်ရန်ရည်ရွယ်၍ သတင်းစကားလက်ကမ်းစာစောင်များနှင့် အသိပညာပေးလက်ကမ်း စာစောင်များကို သက်ဆိုင်ရာ နေ့ထူး၊ နေ့မြတ်အလိုက် ပုံမှန်ဖြန့်ဝေပေးလျက်ရှိရာ (၂၀၂၀)ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်သည့် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့၊ နံနက်ပိုင်းအချိန်က မြို့နယ်နှင့် မြို့ရုံးအလိုက် ပြည်သူလူထုများထံ လက်ဝယ်အရောက် အသီးသီးဖြန့်ဝေသည်။
မူဆယ်ခရိုင်၊ မူဆယ်မြို့၊ နမ့်ခမ်းမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်ဟီးရိုးမြို့၊ မုံးကိုးမြို့နှင့် တာမိုးညဲမြို့ တို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ဝန်ထမ်းများက (၂၀၂၀)ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းလက်ကမ်းစာစောင်များကို စည်ပင်သာယာဈေး၊ ယာယီပျံကျဈေး၊ သုံးဘီးယာဉ်မောင်းများ၊ ဈေးသည်များ၊ ဈေးဝယ်ယူသူများနှင့် ဖြတ်သွား/ဖြတ်လာပြု သည့် ပြည်သူလူထုများထံသို့ လက်ဝယ်ဖြန့်ဝေပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံပြဘုတ်များကိုလည်း ခင်းကျင်းပြသထားသည်။
အဆိုပါနှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်ထဲ၌ အမျိုးသား အောင်ပွဲနေ့ သမိုင်းအကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဉပဒေ၊ ရန်ကုန်ယူနီဗာစတီ အက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ (၂၀၂၀)ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်နှင့် အမျိုးသားအောင်ပွဲနေ့သန္ဒိဋ္ဌာန်သည့် အကြောင်းအရာများပါရှိသော သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)