နမ့်ဆန်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးတွင် ပါဝင်လုပ်အားပေးနေသည့် စေတနာလုပ်အားရှင်များအား PPE ဝတ်စုံ စနစ်တကျဝတ်ဆင်နည်း သင်တန်းပို့ချ

နမ့်ဆန် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ပါဝင်လုပ်အားပေးနေသည့် စေတနာလုပ်အားရှင်များကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေ က PPE ဝတ်စုံ စနစ်တကျဝတ်ဆင်နည်း သင်တန်းကို ယမန်နေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ပို့ချပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် စေတနာလုပ်အားရှင်အဖြစ် ပါဝင်ဆောင်ရွက်ပေးနေကြသည့် သူများကို PPE ဝတ်စုံ ဝတ်နည်းချွတ်နည်းနှင့် လိုက်နာရမည့်အချက်များ၊  ရောဂါပိုးကူးစက်သည့် သဘောသဘာဝနှင့် ကာကွယ်နည်းသင်တန်းကို (၂)ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နမ့်ဆန်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ရှိလာပြီးနောက် ပိုးတွေ့လူနာနှင့် ထိစပ်ထားသူများကို Quarantine Centre တွင် ထားရှိ၍ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုထားပြီး ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ မြို့နယ်ပြင်ပမှ ဝင်ရောက်လာမည့်သူများကို စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ထားရှိကာ ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်တားဆီးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)