မိုင်းယုမြို့၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

 

မိုင်းယု  ဒီဇင်ဘာ ၁၀

 

၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မိုင်းယုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မြို့ဝင်လမ်းဆုံနှင့် စစ်ဆေးရေးဂိတ်များရှိရာနေရာတို့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နှစ်(၁၀၀)ပြည့်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပညာရေး မြင့်မားမှုနှီးနှောဖလှယ်ပွဲ၌ ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ နိုင်ငံတော်သမ္မတ၏ (၉၉)ခုနှစ် အမျိုးသားအောင်ပွဲနေ့တွင် ပေးပို့ထားသည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန် ပြုကြသော ကျောင်းသားကြီး( ၁၁)ဦး၏ အမည်များ၊ ဗြိတိသျှတို့၏ ကျွန်ပညာရေး စနစ်ဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ပြည်သူများ စိတ်ဝင်စားဖွယ် ကာတွန်း၊ ကဗျာများ စုံလင်စွာပါရှိသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးခွန်အာကာထွန်းနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် မိမိတို့နိုင်ငံ၏နေ့ထူးနေ့မြတ်အကြောင်းကို သိရှိမှတ်သား တတ်စေရန်ရည်ရွယ်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)