မိုင်းပျဉ်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မစျေးနှင့် ယာယီပျံကျစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများက စျေးရောင်း/စျေးဝယ်ပြည်သူများအား နှာခေါင်းစည်းနှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၆ နာရီခွဲအချိန် က ဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းစိုးဟိန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းနှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ မြို့အဝင်အထွက် ဂိတ်များတွင်လည်း ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန် မပျက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မေမွန်ထွဋ်(ပြန်/ဆက်)