မိုင်းဆတ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သက်ငယ်မုဒိမ်းကင်းစင်ရေး အသိပညာပေးလက်ကမ်း စာစောင်နှင့် Mask အခမဲ့ဖြန့်ဝေခြင်းကို ယာယီပျံကျဈေးနှင့် မြို့မဈေးတွင် ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
“သက်ငယ်မုဒိမ်းကင်းစင်ရေး အသိပညာပေးလက်ကမ်းစာစောင်နဲ့ အမျိုးသမီးများနှင့် ဥပဒေရေးရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ ပေးရတဲ့ရည်ရွယ် ချက်က အခြေအနေနဲ့ အချိန်အခါ နေရာမရွေး သက်ငယ် မုဒိမ်း ဖြစ်ပွား နိုင်တာကြောင့် ဒေသခံပြည်သူတွေ ဗဟုသုတရရှိစေဖို့နဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ဖြန့်ဝေ ပေးတာပါ။ နောက်တစ်ခုက အမျိုးသမီးတွေကို အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လိုက်နာရမည့် ကျင့်ထုံးနှင့် လုပ်ထုံးလုပ်နည်းတွေ ဥပဒေပုဒ်မတွေ၊ အမှုဖွင့်တိုင်တန်းနည်းတွေကို အမျိုးသမီးအားလုံး သိရှိနိုင်ဖို့အတွက် ကျွန်မတို့ ချယ်ရီ (မိုင်းဆတ်) သျှမ်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့် တင်ရေး အဖွဲ့၊ အဖြူရောင်လူငယ်အဖွဲ့နဲ့ ကြက်ခြေနီအဖွဲ့တို့ပူးပေါင်းပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ချယ်ရီ (မိုင်းဆတ်) သျှမ်းအမျိုးသား စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်း မြှင့်တင်ရေးအဖွဲ့ဝင် ဒေါ်နန်းအေးနုမို ကပြောသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ချယ်ရီ(မိုင်းဆတ်)သျှမ်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်း မြှင့်တင်ရေးအဖွဲ့၊ အဖြူရောင်လူငယ်အဖွဲ့နှင့် ကြက်ခြေနီ အဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးနှင့် ယာယီပျံကျဈေးသို့ ဈေးရောင်း/ဈေးဝယ်လာသူများအား သက်ငယ်မုဒိမ်းကင်းစင်ရေး အသိပညာပေး လက်ကမ်း စာစောင်နှင့် အမျိုးသမီးများနှင့် ဥပဒေရေးရာ အသိပညာပေးလက်ကမ်းစာစောင်(၂၀၀)စောင်နှင့် Mask (၃၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)