ကျွန်းစု ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေး လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုဝင်ဘာ(၂၅)ရက်နေ့မှ ဒီဇင်ဘာ(၁၀)ရက် အတွင်း (၁၆) ရက်တာ လှုပ်ရှားမှုအဖြစ် ယမန်နေ့ နံနက်ပိုင်းက ကတ္တလူကျေးရွာအုပ်စု၊ ထိန်ချောင်း ကျေးရွာတွင် အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊ တိုင်းဒေသကြီး အသင်းဥက္ကဋ္ဌ ဦးအောင်သူရလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဓလေ့ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ စသည် အကြမ်းဖက်မှုများ အချိန်မရွေး ဖြစ်ပေါ်နိုင်ပြီး အကြမ်းဖက်မှုများရပ်တန့်ရန် အမျိုးသားများနှင့် အမျိုးသမီးများ အားလုံးတွင် တာဝန် ရှိကြောင်း၊ အကြမ်းဖက်မှုရဲ့ နောက်ကွယ်တွင် မူးယစ်ဆေးဝါးသုံးစွဲနေမှုများကြောင့် အများဆုံးဖြစ်ပေါ်နိုင်ပြီး ရင်ခွင်မဲ့ ကလေးများ လျော့ချဖို့အတွက် အရွယ်မရောက်သော ကလေးများအိမ်ထောင်ချခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်း မပြုလုပ်ကြဖို့ လိုအပ်ပြီး သက်ငယ်မုဒိမ်း ဖြစ်ပေါ်ရခြင်းမှာ ဘာသာတရား အားနည်းမ ရှိခြင်း၊ ယုံလွယ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုရှိခြင်း၊ မိသားစု လစ်လျူရှုမှု၊ ဥပဒေစိုးမိုးမှု၊ လူသားမဆန်မှု၊ အရက်နှင့်မူးယစ်ဆေးဝါး၊ အမုန်းတရားများကြောင့် ဖြစ်ပေါ်နေကြောင်း၊ မည်သည့်အကြမ်းဖက်မှု ပုံစံကိုမဆို ဆန့်ကျင်ဖို့ လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြား ခဲ့သည်။
ထိုနောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ပြီး အကြမ်း ဖက်မှုများနှင့်ပတ်သက်သော အမေးအဖြေများ ပြုလုပ်ခဲ့ကာ မေတ္တာ လက်ဆောင်များ အသီးသီး ပေးအပ်ခဲ့ကြောင်း၊ အလားတူ ကပကျေးရွာအုပ်စု၊ ကပကျေးရွာတွင် ထပ်မံ၍ ပညာပေးအစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်