လွိုင်လင်မြို့၌ မြို့တွင်းရေပိုက်လိုင်းများအား PVC ပိုက်များဖြင့်အစားထိုးလှဲလှယ်

လွိုင်လင်  ဒီဇင်ဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့တွင်းရေသုံးစွဲသူပြည်သူများ ရေပြတ်လပ်မှု မရှိစေရေး၊ အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး တို့အတွက် ယခင်သွယ်တန်းထားသော  (CI)ပိုက်များအစား   (PVC) ပိုက်ဖြင့် အစားထိုး လှဲလှယ်ခြင်း ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်အတွက် လုပ်ငန်းများကို ဒီဇင်ဘာလ ပထမပတ်က စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့တွင်း ရေပေးဝေခြင်းလုပ်ငန်းများကို မြို့၏အနောက်မြောက်ဘက်ရှိ (၄)မိုင်ခန့်အကွာ  နောင်တောင်းရေကန်မှ ၁၉၆၇ ခုနှစ်တွင်စတင်ကာ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို  ဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ရေပေးဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခင်သွယ်တန်းထားသော (CI) ပိုက်များသည် နှစ်ကာလကြာမြှင့်ပြီး ဆွေးမြေ့ပေါက်ပြဲမှုများ ဖြစ်ပေါ်ကာ ယခုအခါတွင် (PVC) ပိုက်ဖြင့်အစားထိုး လှဲလှယ်ဆောင်ရွက်ရန် ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အလိုက် ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့မှုရန်ပုံငွေ၊ မြို့နယ်စည်ပင်သာယာရေးဌာန၏ ရန်ပုံငွေများဖြင့် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်အတွက် လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြို့တွင်းရှိရေပိုက်အသစ် လှဲလှယ်ခြင်းလုပ်ငန်း အရှည်ပေ (၃၀၀၀၀)ကျော် ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ မြို့တွင်းလုပ်ငန်းများ အားလုံးပြီးစီးမည်ဖြစ်ကြောင်း လက်ရှိရေပေးဝေရေးလုပ်ငန်းကို Sub Main Water Meter Group System  စနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မိုးလွင်ဦး(လွိုင်လင်)