ချင်းရွှေဟော် ဒီဇင်ဘာ ၁၀
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသမီးတစ်ဉီးထံမှ ဒီဇင်ဘာ(၂)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့ရာ ၎င်းကိုဗစ်-၁၉အတည်ပြု လူနာနှင့် ထိတွေ့ခဲ့သူ(၅၅)ဉီးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့်ဝန်ထမ်းများက ၎င်းတို့၏ အာခေါင် တို့ဖတ်၊ နှာခေါင်းတို့ဖတ်ဓာတ်ခွဲနမူနာများ ရယူခြင်းကို ယမန် နေ့မွန်းလွဲ(၂) နာရီအချိန်က ချင်းရွှေဟော်မြို့ ၊ပြည်သူ့ ဆေးရုံ၌ ဆောင်ရွက်ခဲ့ သည်။
အဆိုပါ ကိုဗစ်-၁၉အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့်စစ်ဆေးခဲ့ရာ စစ်ဆေးချက်အဖြေအရ ထိတွေ့သူအားလုံးတွင် ရောဂါပိုး မတွေ့ရှိရကြောင်းနှင့် ယခုဓါတ်ခွဲနမူနာ ရယူစစ်ဆေး ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။
၎င်းတို့၏ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ် ဓါတ်ခွဲနမူနာများအား ဓါတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဉီးစီးဌာနမှ မူဆယ်မြို့ ၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက် ပို့ဆောင်သွားမည် ဖြစ် ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)