လင်းခေး ဒီဇင်ဘာ ၁၀
၂၀၂၀-ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အများပြည်သူတို့လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် (၇:၃၀)နာရီအချိန် က လင်းခေးမြို့၌ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစကားစာစောင်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေ၊ သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ပညာရေးမြှင့်တင်သူ၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေး ဥပဒေ စသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဆိုင်ရာ အကြောင်း သိကောင်းစရာများ ထည့်သွင်းပါရှိကြောင်း လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။
လက်ကမ်းစာစောင်များသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ စီစဉ် ထုတ်ဝေပြီး စောင်ရေ (၂၅ဝ) ခန့်အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးသန်းမြင့်နှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၇ နာရီခွဲအချိန် က လင်းခေးယာယီပျံကျစျေးနှင့် လူစည်ကားရာ နေရာအသီးသီးသို့ လှည့်လည်ကွင်းဆင်း၍ အများပြည်သူတို့ လက်ဝယ်အရောက်(အခမဲ့) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
“ကိုဗစ်-၁၉ ကာလအခြေအနေများအရ၊ ၂ဝ၂ဝ ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲတွေ အခမ်းအနားတွေ မကျင်းပနိုင်ပေမဲ့လည်း အမျိုးသားအောင်ပွဲနေ့နဲ့ ပတ်သက်ပြီး ကျွန်မတို့ပြည်သူတွေအားလုံး မမေ့မလျော့နိုင်စေရန်နဲ့ ဒီကနေ့အကြောင်း သိကောင်းစရာများကို လွယ်လင့်တကူပြည်သူတွေ ဖတ်ရှုလေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပြီး အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်တွေကို အခုလိုဖြန့်ဝေပေးရခြင်း ဖြစ်ပါတယ်”ဟု လင်းခေးခရိုင် (ပြန်/ဆက်)ရုံးမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)