ကျွန်းစု ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အမှတ်(၂၃၃)မြောက် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း(YMBA)တည်ထောင်ခြင်း အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့ဦးသံသရာအေးစေတီ၊ မြန်မာအေးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို ထိန်ချောင်းကျေးရွာ၊ အောင်တော်မူသာသနာ့ရိပ်သာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဣနြောဘာသ(ကမ္မဌာနစရိယ) ဦးဆောင်သာ သံဃာတော်(၁၀)ပါး၊ တနင်္သာရီရေတပ်စခန်း ဌာနချုပ်၊ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ထွန်းသူရဦးဆောင်သော အရာရှိ/စစ်သည် များ၊ မြို့ဦးသံသရာအေးစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဆွေနှင့် အဖွဲ့ဝင်များနှင့် မြို့မမြို့ဖများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)ရပ်ကွက်၊ မြို့ဦးသံသရာအေးစေတီတော်ခြေရင်း၌ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (YMBA) ဆိုင်းဘုတ် အားစိုက်ထူပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် လူပုဂိ္ဂုလ်များက အမွှေးနံ့သာရည် ဖြင့် ပက်ဖြန်းကြသည်။
ထို့နောက် နေ့ဆွမ်းဆက်ကပ်ခြင်းအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ခဲ့ပြီး တက်ရောက် လာသူများက သီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ နှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်း၍ ဆရာတော်ဘဒ္ဒန္တ ဣနြောဘာသ(ကမ္မဌာနစရိယ)ထံမှ ရေစက်ချအနုမောဒနာ တရားနာ၍ လှူဒါန်းမှု အစုစုတို့အတွက် တက်ရောက်လာသူများက ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)တွင် နာယကဆရာတော်များအဖြစ် ထိန်ချောင်းကျေးရွာ၊ အောင်တော်မူ သာသနာ့ ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣနြောဘာသ (ကမ္မဌာနစရိယ) ဦးဆောင်သော ဆရာတော်(၅) ပါး၊ မြို့မိမြို့ဖ(၃)ဦးနှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့(၁၃)ဦးတို့ဖြင့် ယာယီဖွဲ့စည်းထားကြောင်း သိရသည်။
မင်းကျော်စော