ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

 

လောက်ကိုင်      ဒီဇင်ဘာ      ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့ တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ဖြင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်သည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင် တို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပက်သက်၍  မြို့နယ်ဖွံ့ဖြိုးရေးလုပ် ငန်းအကောင် အထည်ဖော်ရေး အဖွဲ့ ၏ လုပ်ဆောင်ချက်များ အား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် လောက်ကိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ယခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့်ပက်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ဖြင့် ဆောင်ရွက်မည့်  ရပ်ကွက်  (၃) ရပ်ကွက်နှင့် ကျေးရွာ (၂၄) ရွာ  တွင် အုတ်ရေကန် တည်ဆောက်ခြင်း၊ စိမ့်စမ်းရေ သွယ်တန်းခြင်း ၊ လမ်းခင်းခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ အုတ်နံရံကာရံခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းနှင့် မြေထိန်း နံရံပြု လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ ကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်/ကျေးရွာ စာရေးများက ဆောင်ရွက် မည့် လုပ်ငန်းများ နှင့်ပက်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ဇော်ဇော်အောင် (ပြန်/ဆက်)