ကြံခင်းမြို့တွင် မေတ္တာလွှမ်းခြုံစေတနာရှင်အဖွဲ့က (တတိယ)အကြိမ် အခြေခံလူတန်းစားအိမ်ထောင်စု (၂၀၀)စုအား အခြေခံစားသောက်ကုန်များအား အလှူဒါနအဖြစ်လှူဒါန်း

ကြံခင်း ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၂၀၀)စုအတွက် မေတ္တာလွှမ်းခြုံ စေတနာရှင်အဖွဲ့မှ (တတိယ)အကြိမ် အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်း မြို့ပေါ်ရှိ ရပ်ကွက်များနှင့် လိုင်းကွင်းအုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ သွားရောက် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

မေတ္တာလွှမ်းခြုံစေတနာရှင်အဖွဲ့သည် ကြံခင်းမြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ကာလတွင် စားဝတ်နေရေး အဆင်ပြေစေရန် လှူဒါန်းပေးခြင်း ဖြစ်ကြောင်းနှင့် အခြေခံလူတန်းစား အိမ်ထောင်စု(၂၀၀)စုအား ဆန်(၁၁)အိတ်နှင့် (၁၀)ပြည်၊ ဆီ(၁၁)ပိသာ၊ ကြက်ဥအလုံး(၁၀၀၀)နှင့် ဆန်ကြာဇံအထုပ်(၂၀၀)အား အလှူဒါနအဖြစ် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မေတ္တာလွှမ်းခြုံစေတနာရှင်အဖွဲ့သည် အောက်တိုဘာလ(၁၇)ရက်နေ့က (ပထမ)အကြိမ်နှင့် (၂၅)ရက်နေ့က (ဒုတိယ)အကြိမ် လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း အခြေခံစားသောက်ကုန်များကို ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၁၀)စုနှင့် မြို့မရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၅၀)စုတို့အတွက် ဆန်(၁၂)အိတ်နှင့်(၅)ပြည်၊ ဆီ(၁၃၀)ပိသာ၊ ကြက်သွန်(၁၃၀)ပိသာ၊ ကြက်ဥအလုံး(၁၅၆၀)လုံး၊ ဆား(၇၅)ပိသာနှင့် ဆပ်ပြာအထုပ်(၃၀၀)အား အလှူဒါနအဖြစ် လှူဒါန်းပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ်သည် (တတိယ)အကြိမ် လှူဒါန်းခြင်း ဖြစ်ကြောင်းနှင့် အခြေခံလူတန်းစား အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်များအား ဆက်လက်ပြီး အလှုဒါနပြု လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မေတ္တာလွှမ်းခြုံစေတနာရှင် အဖွဲ့ဝင်တစ်ဦး ပြောကြားချက်အရ သိရသည်။

မိုးမိုး(ပြန်/ဆက်)