မြစ်သား ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ (မြစ်သား) အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အုန်းကြည်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းနှင့် မြစ်သားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့ က အမှာစကားပြောကြားပြီး (မြစ်သား) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ကျေးဇူးတင် စကားများ ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ကဗျာလွတ်အက၊ Fitness Dance အက၊ အဖွဲ့လိုက် ဘင်ခရာအတီး စွမ်းရည်နှင့်အတူ ကာယလေ့ကျင့်ခန်းများကို သရုပ်ပြခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ကာယဉာဏ စာရိတ္တဆု၊ ဘာသာရပ်စွမ်းရည်ဆု၊ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ကျောင်းတွင်းအဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆုမွန်(ပြန်/ဆက်)