တနင်္သာရီ ဒီဇင်ဘာလ ၁၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက် အတွင်းရှိ ဓမ္မာရုံတွင် တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာအုပ်စု ရေဖြူကျေးရွာအခြေစိုက် အမှတ်(၁)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်မှ ဦးဆောင်၍ တနင်္သာရီတပ်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)အသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ (နှစ်တစ်ရာပြည့် အမျိုးသားနေ့) နံနက် ၉ နာရီ ၉ မိနစ်အချိန်မှစ၍ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇောတိက၊ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ တေဇောဘာသနှင့် ဆရာတော်(၇)ပါးကြွရောက်တော်မူ၍ အမှတ်(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ တနင်္သာရီတပ်နယ်မှူး ဗိုလ်မှူးထက်ကိုကိုဝင်း နှင့်တပ်နယ်အတွင်းရှိ အရာရှိစစ်သည်များ ဖိတ်ကြားထားသူများ စုစုပေါင်း ၂၅ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားကို ရှေးဦးစွာတမောတဿ(၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်၍ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ မြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇောတိက မှသြဝါဒစကားမြွတ်ကြားတော်မူပြီး တနင်္သာရီ မြို့နယ် YMBA အသင်းဝင်တစ်ဦးဖြစ်သည့် အမှတ်(၅၅၇) ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး အောင်ဇော်ဦးမှ YMBA အသင်း ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် ဖွဲ့စည်းရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း လျှောက်ထားပေးသည်။
ထို့နောက်YMBA အသင်းဥက္ကဋ္ဌ မြို့နယ်သံဃာ့နာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ တေဇောဘာသမှ လမ်းညွှန်မှု မြွတ်ကြားရာတွင် အသင်းတည်ထောင်သည်မှာ နှစ်ပေါင်း (၁၁၄)နှစ်ရှိပြီဖြစ်ကြောင်း သံဃာတော်များဦးဆောင်မှုအားနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများ ညီညွတ်စွာလိုက်ပါဆောင်ရွက်ခြင်းကြောင့်ယခုကဲ့သို့ သက်တမ်းကြာမြင့်စွာ တည်တံ့နေခြင်း ဖြစ်ကြောင်း တနင်္သာရီမြို့နယ်တွင်လည်း အလားတူဆောင် ရွက်ကြရမည်ဖြစ်ကြောင်း ကောက်ရိုး မီးကဲ့သို့မပြုလုပ်စေလို ကြောင်း ယခုအမျိုးသားနေ့မှာနိုင်ငံအတွင်း အသင်းမဖွဲ့စည်းရသေးသော မြို့နယ်များအား ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်း အမျိုးဘာသာနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာ အားလုံး တာဝန်ရှိသဖြင့်တာဝန်အသီးသီးယူရမည်ဖြစ်ကြောင်း အသင်းအား (၂)နှစ်တစ်ကြိမ် ရွေးချယ်ပြင်ဆင်ဖွဲ့စည်း၍ စနစ်ကောင်းသော ခိုင်မာသောအသင်းအဖြစ် ဆောင်ရွက်ကြရန် လမ်းညွှန် မိန့်ကြားပေးသည်။
ဆက်လက်၍ အမှတ်(၁)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုလတ် မှဆရာတော်များအား YMBA အသင်းပြက္ခဒိန်များ ဆက်ကပ် တော်မူ၍ အသင်းဥက္ကဋ္ဌ ဦးစံတင် ထံသို့ အမှတ်(၅၅၇)ခြေမြန် တပ်ရင်းမှ တပ်ကြပ်ကြီးစိုးဝင်းချစ် ပါ(၅)ဦး၏အသင်းဝင် လျှောက်လွှာများကို ပေးအပ်၍ တနင်္သာရီတပ်နယ် YMBA အသင်းအား သြဝါဒစရိယဆရာတော်(၃)ပါး၊ နာယကဆရာတော် (၅)ပါးနှင့် လူပုဂ္ဂိုလ် ဥက္ကဋ္ဌတစ်ဦး၊ ဒုဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးတစ်ဦးတို့ဖြင့် ဖွဲ့စည်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များအား အမှတ်(၁)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်နှင့်အဖွဲ့ မှနေ့ဆွမ်းဆက် ကပ်လှူဒါန်း၍ ဧည့်ပရိသတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျေးမွေးကြောင်း သိရှိရသည် ။
နန်းသာရီ-ထိန်ဝင်း