ထောပတ်သီးများကို အင်္ဂလန်နိုင်ငံ ဈေးကွက်သို့ စမ်းသပ်တင်ပို့

မန္တလေး၊ ဒီဇင်ဘာလ  ၁၀

မြန်မာနိုင်ငံမှထွက်သည့် ထောပတ်သီးများကို အင်္ဂလန်နိုင်ငံ ဈေးကွက်သို့ စမ်းသပ်တင်ပို့ ရောင်းချနေကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

" မြန်မာနိုင်ငံက ထွက်တဲ့ထောပတ်သီးကို အများဆုံးဝယ်တဲ့ တိုင်းပြည်ကတော့ အင်္ဂလန်နဲ့ ထိုင်းပါ။ အခု အင်္ဂလန်ကို စပြီး ဈေးကွက်စမ်းသပ်တဲ့အနေနဲ့ ပြီးခဲ့တဲ့လကပဲ စပြီးပို့ပါတယ်။ အဲဒီဘက်က ဝယ်ယူသူတွေက မြန်မာ့ထောပတ်သီးကို စိတ်ဝင်စားကြတယ်။ ဈေးကွက်လုပ်ကြည့်လို့ အဆင်ပြေ တယ်ဆိုရင် MARBO နဲ့ ရောင်းဝယ် ကန်ထရိုက်ချုပ်ချင်တယ်ပေါ့။ ဒီလိုမျိုးအနေနဲ့ စမ်းသပ်ပြီး တင်ပို့တာဖြစ်ပါတယ်။ Normal Trade က သွားတာမဟုတ်ဘူး။ နယ်စပ်ကနေ အဆင်ပြေသလို ပို့ကြတာဖြစ်တဲ့အတွက် တင်ပို့နေတဲ့ တန်ချိန်အတိအကျပြောဖို့ ခက်တယ်။ တန်ချိန်ထောင်ဂဏန်း လောက်အထိတော့ ရှိတယ်။ ပထမစမ်းပို့လိုက်တဲ့ Hass ဆိုရင် ဗမာမျိုးရင်းတော့ မဟုတ်ဘူး၊ ကယ်လီဖိုးနီးကနေ တရားဝင်တင်သွင်းထားတဲ့ မျိုးပါ။ အဲဒါလည်း တောင်သူတွေဘဲ စုပြီး တင်သွင်းထားတာပါ။ Hass မျိုးတွေ စမ်းပို့တယ်။ ပြည်တွင်းဒေသမျိုးရင်း အမ္မရာ ( Amara ဒေသမျိုးရင်း) အရည်အသွေးကတော့ ကမ္ဘာ့ဈေးကွက်မှာရှိတဲ့ Hassနဲ့ ယှဉ်ပြိုင်နိုင်တယ်။ လက်ရှိ အင်္ဂလန်ဈေးကွက်မှာ စမ်းသပ်တင်ပို့လိုက်တဲ့အထဲမှာ Amaraမှာ အမှတ်ကောင်းရထားတယ်။ " ဟု မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဌ ဦးမျိုးညွှန့်က ပြောသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ထောပတ်သီး စိုက်ဧက သောင်းဂဏန်းနီးပါးရှိပြီး Hass မျိုး အများဆုံးထွက်ရှိကြောင်း၊ ထောပတ်ပင်များကို ပင်ကြား ပေ ၂၀၊ တန်းကြား ပေ ၂၀ နှုန်း စိုက်ပျိုးနည်းဖြင့် အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် အကြမ်းအားဖြင့် အပင် ၁၀၀ နှုန်း စိုက်ပျိုးကြကြောင်း သိရသည်။

" Hassမျိုးကတော့ ကမ္ဘာ့ထောပတ်သီးဈေးကွက်မှာ ၉၀ရာခိုင်နှုန်းလောက် အရောင်းဝယ်ဖြစ်နေပြီး ပြိုင်ဘက်တွေလည်း များမယ်။ ထောပတ်သီးစိုက်တဲ့ နိုင်ငံတွေရဲ့ ၈၅ ရာခိုင်နှုန်းက Hassကို အဓိကထား ထုတ်လုပ်ကြတယ်။ ကမ္ဘာ့ဈေးကွက်ကို သွားမယ်ဆိုရင် ပြိုင်ဘက်တွေ အများကြီး ရင်ဆိုင်ရဖွယ်ရှိတယ်။ ဒေသမျိုးရင်းမဟုတ်တဲ့အတွက် ရာသီဥတု၊ ရောဂါပိုးဒဏ်၊ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေ များများရှိတယ်။ Amaraက ဒေသမျိုးရင်း ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကဘဲ ထွက်တယ်။ Amaraကို ကြိုက်ရင် မြန်မာနိုင်ငံမှာဘဲ ဝယ်မှရမယ်။ ပြီးတော့ ရာသီဥတု၊ ပိုမွှားဒဏ်တို့ ခံနိုင်တာမျိုး ကွာခြားချက်တွေရှိတယ်။ ဒါပေမယ့် တောင်သူတွေကို ဈေးကွက်အနေအထားမှာ ဘယ်မျိုးစိုက်ပါလို့ ဖိအားပေးလို့ မရဘူး။ သတင်းအချက်အလက်တွေဘဲ ပေးလို့ရတယ်။ ထောပတ်သီးထုတ်လုပ်တဲ့ တခြားနိုင်ငံတွေ Hassတွေနဲ့ ပြိုင်ရတော့မှာဆိုတော့ ပညာပေးရင် Globle GAP အကြောင်းတွေကို Zoomနဲ့ သင်တန်းပေးခဲ့တယ်။ " ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် ထောပတ် စိုက်တောင်သူများကို နည်းပညာပိုင်းဆိုင်ရာ အသိပညာများရရှိစေရန် Farmer to Farmer Program ဖြင့်ချိတ်ဆက်၍ နိုင်ငံခြားမှ ဆရာများဖြင့် သင်တန်းတွေပို့ချပေးခြင်းများဆောင်ရွက်ကာ Master Glower များ မွေးထုတ်ပေးပြီး ထိုသူတို့မှတစ်ဆင့် သက်ဆိုင်ရာ နယ်မြေများတွင် ထောပတ်နည်းပညာ ပြန်ပွားနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်ကာလတွင်လည်း ပြည်ပမှ ဆရာများဖြင့် Zoom Applicationမှတဆင့် အွန်လိုင်းမှ သင်တန်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ထိပ်ထားနိုင်

 ထိပ်ထားနိုင်