ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှု (Mask Campaign)ဆောင်ရွက်

 

ပင်လောင်း ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိ ပညာပေး လုပ်ငန်းများကို မြို့မ ရဲစခန်းရှေ့ မင်းလမ်းမပေါ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက် လျက် ရှိသည်။

အဆိုပါ နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိရာ နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် လမ်းသွား လမ်းလာများ၊ မြို့နယ်ရှိ ပြည်သူများကို နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ တတ်နိုင်သမျှ နေအိမ်တွင် နေထိုင်ပြီး လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ အနည်းဆုံးခြောက်ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြရန်နှင့် လက်ကို ဆပ်ပြာ/ လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောကြရန်စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရဲမင်းပိုင်(ပင်လောင်း)