ညောင်တုန်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာများတွင် စည်းကမ်းထိန်းသိမ်းရေး ဂိတ်များဖွင့်လှစ်၍ ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင် ရွက်နိုင်ရေး၊ ရပ်/ကျေးများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး ညွှန်ကြားချက်များအား အသိပညာပေး ကြေညာပေးရန်၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယရှိသူများအား တွေ့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန်၊ ပြည်သူများမှလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေး အဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက် နိုင်ရေး အကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်နီနီမိုးနှင့် ဦးကျော်ဆန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း စည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)