ရိခေါ်ဒါရ် ဒီဇင်ဘာ ၁၀
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များ ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်နှစ်ခု၌ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်အတွင်း နှစ်ရက်ကြာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးများ ထိုးနှံရာတွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပိုလီယိုအကြောသေ ကာကွယ်ဆေး၊ ဦးနှောက် အမြှေးရောင်ရောဂါ ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဝက်သက်ကာကွယ်ဆေးနှင့် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံ ပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံရာတွင် ရိခေါ်ဒါရ်ကျေးလက် ကျန်းမာရေး ဌာနခွဲမှ ရိခေါ်ဒါရ်မြို့ ရပ်ကွက်နှစ်ခုနှင့် ခေါထီရ်ကျေးရွာများသို့ ကွင်းဆင်းပြီး အသက်တစ်နှစ်ခွဲအောက် ကလေးငယ် ၄၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၂၁ ဦးတို့အား ထိုးနှံဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)