ရိခေါ်ဒါရ် နိုဝင်ဘာ ၁၀
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား လေးဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အဆိုပါ လေးဦးအနက် အမျိုးသားသုံးဦးတို့အား ဟားခါးမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက် ပို့ဆောင်ပေးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အ.ထ.က ခွဲ ကျောင်းရှိ Facility Quarantine နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများသည် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ပြီး အမျိုးသား သုံးဦးတို့မှာ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်၊ ထန်တလန် မြို့နယ်၊ ဇဲဖိုင်(က)ကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တို့၌ နေထိုင်သူများဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ကွင်သူမြို့သို့သွားရောက်ခဲ့ရာမှ နေရပ်ပြန်လာကြသူများဖြစ်ပြီး ၎င်းတို့အား ဟားခါးမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက် ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်အမျိုးသမီးတစ်ဦးမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးဒီးလ်ကျေးရွာ၌ နေထိုင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့သို့ သွားရောက်ခဲ့ရာမှနေရပ် ပြန်လာသူဖြစ်ပြီး ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်းရှိ Facility Quarantine Centre ၌ အသွားအလာ ကန့်သတ်စောင့်ကြည့် ထားရှိခြင်းဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူ များအား ရိခေါ်ဒါရ်မြို့ ပြည်ပမှပြန်လာသူများ ကြိုဆိုလက်ခံရေး စခန်း၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ် ဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့၏ ကျန်းမာရေး အခြေအနေကို စစ်ဆေး ဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေ၌ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ Facility Quarantine Centre တွင် လက်ရှိအခြေအနေ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိသူ ၈ ဦးရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)