ချင်းပြည်နယ်၏ အမှတ်အသားဖြစ်သည့် တောင်ဇလမ်ပန်းနှင့် ချယ်ရီပန်းများ ခုတ်ယူခြင်းမရှိစေရေး သတိပေး ကြော်ငြာချက် ထုတ်ပြန်

ခိုင်ကမ်း  ဒီဇင်ဘာ ၁၀

ကလေး-တီးတိန်-ဖလမ်းကားလမ်းဘေး (ဝဲ/ယာ)တွင် ချင်းပြည်နယ်၏ အထိမ်းအမှတ် သစ်ပင်ပန်းများဖြစ်သည့် တောင်ဇလပ်ပန်းများ၊ ချယ်ရီပန်းများသည် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် သဘာဝ အလျောက်လှပစွာ ပွင့်လန်း လေ့ရှိသည်။

သို့ဖြစ်ရာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများသည် နှစ်စဉ် ဆောင်းရာသီတွင် ကျင်းပလေ့ရှိသည့် ခရစ္စမတ် ပွဲတော်နှင့် အခြားပွဲတော်များ ကျင်းပရန်ပြင်ဆင်ခြင်းအတွက် ချင်းပြည်နယ်၏ အထိမ်းအမှတ် ပန်းများကို ခုတ်ယူကာ အလှဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိသည်။

ထို့ကြောင့် ပျော်ပွဲရွှင်ပွဲများ အလှဆင်ကျင်းပရန်အတွက် တောင်ဇလပ်ပင်များ၊ ချယ်ရီပင်များနှင့် အကိုင်းအခက်များ ဖြတ်တောက်သယ်ယူခြင်း မပြုကြရန် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများသို့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာ၊ သစ်တောဦးစီးဌာန (ချင်းပြည်နယ်)မှ သတိပေး ကြော်ငြာချက် ထုတ်ပြန်ထားသည်။

သယံဇာတနှင့် ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန (ချင်းပြည်နယ်)မှ ပြည်နယ်အတွင်း ပေါက်ရောက်သည့် တောင်ဇလပ်နီ၊ တောင်ဇလပ်ဖြူများအား အမိန့်ကြော်ငြာ စာအမှတ် (၁၁၁၆/၂၀၂၀)ဖြင့် နေရာဒေသအလိုက် (ချင်းပြည်နယ်)တွင် ကာကွယ်ထားသည့် အပင်မျိုးစိတ်ဖြစ်ကြောင်း သတ်မှတ်လိုက်သည့်အတွက် ခုတ်ထွင်ပိုင်းဖြတ်သယ်ဆောင်ခြင်းများ ပြုလုပ်ပါက (၂၁--၂၀၁၈)ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများမှ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၃၉၊ ၄၀၊ ၄၁) ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)